“မင်း ဘာလုပ်ဖို့ ဒီကို ထပ်လာတာလဲ”
အံ့သြမှုတစ်ပိုင်းတစ်စ ရောစွက်နေတဲ့ အနည်းငယ်ကျယ်လောင်လှသော ကျွန်မတို့မန်နေဂျာရဲ့ အသံက ကျွန်မအခန်းထဲထိ ပျံ့လွင့်လာတာမို့ ကျွန်မ အလုပ်လုပ်နေရင်းကနေ အခန်းပြင်ကို လှမ်းကြည့်လိုက်မိပါတယ်။
အ၀တ်အစား ခပ်နွမ်းနွမ်းနဲ့ ကျောပိုးအိတ်အဟောင်းတစ်လုံးကို လွယ်ထားတဲ့လူ တစ်ယောက်....ရုံးခန်းထဲသို့ အ၀င်အပေါက်ဝနားလေးမှာ မ၀ံ့မရဲ မတ်တတ်လေးရပ်လို့....။
ကျွန်မ သေသေချာချာစူးစိုက်ပြီး ကြည့်လိုက်တော့မှ “သြော်.....ဟိုနေ့က လူပါလား” ကျွန်မ မှတ်မိလိုက်ပါပြီ။
ပြီးခဲ့တဲ့ အပတ်တုန်းက အင်တာဗျူးဖြေရအောင် လာသွားတဲ့သူ။ အဲဒီနေ့က သူ့ကိုမြင်တော့ ကျွန်မက ထိုင်းအလုပ်သမားတစ်ယောက်လို့တောင် ထင်လိုက်မိသေးတာ။ အဲဒီနေ့ကလည်း သူ့ရဲ့ အသွင်အပြင်က ဒီပုံစံအတိုင်းပါပဲ။
ကျွန်မတို့ရုံးမှာ လူသစ်တွေကို အလုပ်ခန့်ဖို့ခေါ်ရင် အင်တာဗျူးတဲ့အခန်းက ကျွန်မအခန်းနဲ့ကပ်လျက်ဆိုတော့ ဘယ်သူပဲအင်တာဗျူးဖြေဖြေ ကျွန်မကအကုန်မြင်နေ၊ ကြားနေရလေ့ ရှိပါတယ်။ အဲဒီနေ့ကလည်း သူနဲ့မန်နေဂျာနဲ့ အင်တာဗျူးအမေးအဖြေ လုပ်တော့မှ သူ့ကိုမြန်မာမှန်း သိလိုက်ရပါတယ်။ သိသိချင်း နည်းနည်းတောင် အံ့သြသွားမိသေးတယ်။ မြန်မာတော်တော်များများ အင်တာဗျူးလာဖြေရင် တန်ဖိုးကြီးအ၀တ်အစားများ မဟုတ်တာတောင်မှ အနည်းငယ်တော့ သပ်သပ်ရပ်ရပ်နဲ့ ကြည့်ပျော်ရှုပျော်ဖြစ်အောင် ၀တ်စားလာကြတာချည်းပါပဲ။ သူဘာလို့ ဒီလိုပုံစံနဲ့လာရသလဲလို့ပါ။
ဒါပေမယ့် ဒါက အဓိကအကြောင်းအရာတော့ မဟုတ်သေးပါဘူး။ အဓိက အကြောင်းအရာက သူ့ရဲ့ အင်္ဂလိပ်စာ။ မန်နေဂျာနဲ့ သူနဲ့ မေးနေဖြေနေသမျှက အမေးနွားကျောင်းသား၊ အဖြေဘုရားလောင်းဆိုတာမျိုး ဖြစ်နေတယ်။ ပြီးတော့ သူပြောချင်တာကို လုံးစေ့ပတ်စေ့ ရှင်းမပြနိုင်ဘူး။ တဖြည်းဖြည်းနဲ့ မန်နေဂျာရဲ့မေးခွန်းတွေကလည်း သိပ်စိတ်မရှည်ချင်တော့ဘူး။ ကျွန်မလည်း ကိုယ့်မြန်မာလူမျိုးဆိုတဲ့ အသိနဲ့ ဘေးကနေ စိတ်မသက်သာစွာနဲ့ပဲ ကြားနေရပါတယ်။
ဒီလိုနဲ့ပဲ ကျွန်မလည်းအလုပ်ရှုပ်နေတာနဲ့ သူတို့အင်တာဗျူးကို အဆုံးအထိ အာရုံမစိုက်လိုက်ဖြစ်သလို ဘယ်လိုအဆုံးသတ်သွားခဲ့တယ် ဆိုတာလည်း မသိလိုက်ပါဘူး။ ဒီနေ့ဒါသူ့ကို ဒုတိယအကြိမ် မြင်ရခြင်းပါ။
“မင်းကို ငါ အလုပ်မခန့်နိုင်ဘူးလို့ ပြောပြီးပြီလေ”
မန်နေဂျာရဲ့အသံက ဆက်လက်ထွက်ပေါ်လာပါတယ်။
“ငါ....ငါ...ငါ့ကို အခွင့်အရေးတစ်ခုလောက်ပေးပါ”
ထိုသူ၏နှုတ်မှ တွန့်ရွံ့သောလေသံလေးဖြင့် စကားလုံးအချို့ အစီအစဉ်မကျစွာ ထွက်ကျလာလေသည်။
“ငါ....ငါ...ဆိုဒ်ထဲကို အရင်သွားပါရစေ....ငါ့ကို ဆိုဒ်ထဲကို လွှတ်ပါ၊ အခွင့်အရေးတစ်ခု အရင်ပေးပါ”
သူပြောနေသော စကားများကိုခြုံပြီး အဓိပ္ပာယ်ကောက်ရလျှင် သူ့ကို ဆိုဒ်ကို အရင်လွှတ်ပြီး အလုပ်ခိုင်းကြည့်ပါ။ ပြီးမှသူ့ရဲ့ လုပ်ရည်ကိုင်ရည်ကို ဆုံးဖြတ်ကြည့်ပါလို့ ပြောချင်နေပုံပါ။ ဒါပေမယ့် ဆိုလိုတဲ့စကားတွေက လိုရင်းကို မရောက်ပါဘူး။
“ဆောရီးပဲ မင်းဘာတွေပြောနေတာလဲ ငါနားမလည်ဘူး။ မင်းရဲ့အင်္ဂလိပ်စကားကို ငါလုံးဝနားမလည်ဘူး။ ဆိုဒ်ကိုလွှတ်လည်း မင်းရဲ့အင်္ဂလိပ်စာက ဒီလိုပုံစံနဲ့ဆိုရင် ဆိုဒ်ကလူတွေဒုက္ခရောက်မှာပဲ။ အဲဒီတော့ တခြားနေရာမှာပဲ အလုပ်ရှာလိုက်ပါ။ သွားတော့ သွားတော့”
မန်နေဂျာက လက်တစ်ဖက်က ခါးကိုထောက်ကာ လက်တစ်ဘက်က ထိုသူကို လက်ညှိုးတစ်ထိုးထိုးနဲ့ ရုံးခန်းထဲမှ မောင်းထုတ်နေသည့်ပုံစံမျိုး ပြောချလိုက်တဲ့အခါ ကာယကံရှင် ထိုလူကတော့ ဘယ်လိုခံစားရမလဲ မသိပါဘူး။ ရုံးချုပ်ပေါ်မှာ မြန်မာဆိုလို့ တစ်ဦးတည်းရှိသော ကျွန်မကတော့ တစ်ကိုယ်လုံး စပ်ဖျဉ်းဖျဉ်းဖြစ်သွားမိပါသည်။ ငါတို့ မြန်မာလူမျိုးဆိုတဲ့ သွေးက စကားပြောသည်ထင်ပါသည်။
ထိုသူကလည်း အဲဒီလောက်အထိ ပြောနေတာတောင်မှ လှည့်ထွက်မသွားသေးပါဘူး။ တစ်ခုခုကို ထပ်ပြောချင်နေသေးပုံ ရပါသေးတယ်။ မန်နေဂျာကို အသနားခံတဲ့ ပုံစံလေးနဲ့ လှမ်းကြည့်နေပါတယ်။ သူ့ကို ကြည့်ရသည်မှာ ဒီအလုပ်ကိုရဖို့အရေးသည် သူ့အတွက် တကယ့်ကို ကူရာကယ်ရာ မျှော်လင့်ချက်တစ်ခုလိုမျိုးကို ဖြစ်နေပုံပေါ်နေပါတယ်။ ကျွန်မသူ့ကို လှမ်းကြည့်ပြီး စိတ်မသက်သာစွာနဲ့ သက်ပြင်းတစ်ချက်ချလိုက်မိပါတယ်။ ကျွန်မအနေနဲ့ တစ်ခုခုလေး ၀င်ပြောကူညီပေးချင်သော်လည်း ကျွန်မလို သာမန်ဝန်ထမ်းတစ်ယောက်အနေနဲ့ ကုမ္ပဏီရဲ့ရှယ်ယာပိုင်ရှင် အထွေထွေမန်နေဂျာတစ်ယောက်လို လူမျိုးကို ကျွန်မက ဘာများပြောပေးဝံ့မှာတဲ့တုန်း။
“ဆောရီး ဆောရီး .... မင်းကိုငါ လုံးဝအလုပ်မခန့်နိုင်ဘူး။ သွားတော့ သွားတော့ တစ်ခြားနေရာမှာသာ သွားရှာလိုက်တော့”
သူတော်တော်နဲ့ ထွက်မသွားသဖြင့် အတန်ငယ် မာထန်သောလေသံနဲ့ မန်နေဂျာက ထပ်ပြောလိုက်လေသည်။ တစ်ရုံးလုံးမှာရှိတဲ့ ၀န်ထမ်းတွေကလည်း ခေါင်းထောင်ပြီး သူ့ကို လှမ်းကြည့်နေကြပါသည်။ ထိုအခါကျမှပဲ သူလည်း ခေါင်းငိုက်စိုက်ချကာ လေးကန်သော ခြေလှမ်းများဖြင့် ၀င်လာရာ ရုံးတံခါးဝဘက်ဆီသို့ ပြန်လည် လှည့်ထွက်သွားပါတော့သည်။
ကျွန်မလည်း ရင်ထဲမှာ မကောင်းစွာနဲ့ပဲ သူ့မျက်နှာကို တစ်ချက်လှမ်းကြည့်ဖြစ်အောင် ကြည့်လိုက်မိပါသည်။ လှမ်းကြည့်လိုက်တဲ့ တဒင်္ဂမှာပဲ ထိုသူ့မျက်နှာပေါ်က အရိပ်တွေကို ကျွန်မ ဖတ်ရှုလိုက်နိုင်ပါသည်။ ဆုံးရှုံးမှု၊ ရှက်ရွံ့မှု၊ အားလျော့သိမ်ငယ်မှုတွေ စွန်းထင်းပေကျံနေတဲ့ မျက်နှာကိုလှမ်းကြည့်ရင် ကျွန်မရင်ထဲမှာ အမည်မဖော်ပြနိုင်တဲ့ ဝေဒနာတစ်ရပ်ကို ခံစားမိလိုက်သည်။ တစ်ဆက်တည်းမှာပဲ အတွေးတွေက မီးခိုးတွေအမျှင်တန်းသလို ဆက်လက်ပြီး.....။
ထိုသူရဲ့ ဒီလိုပုံစံနဲ့ဆိုရင် အလုပ်ရနိုင်ဖို့အခွင့်အလမ်းက အတော်လေးနည်းပါးမည်ဟု ထင်မိပါသည်။ ဒီနိုင်ငံကို အလုပ်ရှာဖို့ ထွက်လာကြတဲ့သူတွေထဲမှာ ကိုယ်ပိုင်ရှိစုမဲ့စု ပိုက်ဆံလေးတွေကို ကုတ်ခြစ်စိုက်ထုတ် ရင်းနှီးခဲ့ရတာမျိုး ရှိသလို ကိုယ့်မှာအဆင်မပြေရင်လည်း သူတစ်ပါးဆီကနေ ချေးငှားယူခဲ့ရတာမျိုးတွေ ရှိကြတယ်။ ဒီကို ထွက်လာပြီး အလုပ်ရှာကြတဲ့သူတွေဟာ မျှော်လင့်ချက်တွေတသီတတမ်းကို ထမ်းပိုးလာခဲ့ကြရတဲ့သူတွေဖြစ်တယ် ။ သူတို့ကိုမှီခိုနေရတဲ့ နောက်မှာကျန်ရစ်ခဲ့တဲ့ တစ်မိသားစုလုံးရဲ့ မျှော်လင့်ချက်တွေလေ (ပူပင်ကြောင့်ကြစရာမလိုပဲ အဆင်ပြေကြတဲ့ မိသားစုတွေကိုတော့ မဆိုလိုပါဘူး)။ သူတို့တွေရှင်သန်နိုင်မှ နောက်မှာကျန်ရစ်ခဲ့တဲ့ မိသားစုတွေရဲ့ဘ၀ ရှင်သန်နိုင်မယ်။ သူတို့လဲပြိုသွားရင် နောက်မှာ သူ့ကို မှီခိုထားနေရတဲ့ မိသားစုတစ်ခုလုံးလည်း လဲပြိုသွားမယ်။ ဒုက္ခတွေအနည်းနဲ့အများတော့ ရောက်ကြရမှာပါပဲ။
စိတ်မသက်သာစွာ အတွေးတွေ လျှောက်နယ်ချဲ့မိရင်း နောက်ဆုံးမှာတော့ ကျွန်မအနေနဲ့ ဘာမှ ၀င်ရောက်ကူညီ စွမ်းဆောင်ပေးခြင်းငှာ မစွမ်းသာတဲ့ ဖြစ်ရပ်တစ်ခုမှာ ထိုသူ့အနေနဲ့ သင့်လျော်မယ့် အလုပ်အကိုင်တစ်ခုကို အဆင်ပြေစွာနဲ့ အမြန်ဆုံးရှာဖွေ တွေ့ရှိနိုင်ပါစေလို့ ဆန္ဒပြုမိရင်း သက်ပြင်းရှည်တစ်ချက်ကိုသာ မှုတ်ထုတ်လိုက်ရပါတော့တယ်။
~~~~~~~~~~~~~~~~~~~~~~~~~~~~~~~~~~~~~~~~
(မှတ်ချက်။ ။ ရုံးမှာ ကျွန်မကြုံတွေ့ခဲ့ရတဲ့ အကြောင်းအရာလေးတစ်ခုကို မနေနိုင်လို့ ချရေးလိုက်မိတာပါ။ ဒီလိုခေတ်ကျပ်ကြီးမှာ ကိုယ့်နိုင်ငံမှာ အဆင်ပြေပြေ လုပ်ကိုင်စားသောက်ဖို့ရာကျတော့ ကိုယ့်တစ်ကိုယ်စာတောင် မလောက်ငှနိုင်တဲ့ အခြေအနေမျိုးမှာ မိသားစု ဘ၀တွေအတွက် တိုင်းတပါးမှာ လာအလုပ်လုပ်ကြရတယ်။ အဆင်ပြေနေသူတွေ ပြေနေပေမယ့် မပြေသူတွေလည်း ဒုနဲ့ဒေးပါပဲ။ ဘာပဲပြောပြောကိုယ့်မျက်စိရှေ့မှာ မြန်မာလူမျိုးတစ်ယောက်ဒီလိုပုံစံကြုံတွေ့ရတာကို ကျွန်မအနေနဲ့ သူနဲ့ ဘာမှ မပတ်သက်မဆက်စပ်ပေမယ့်လည်း ခံစားရတာတော့ အမှန်ပါပဲ။ အဲဒီဖြစ်ရပ်ကို ကြည့်ပြီး မြန်မာလူမျိုးတွေ အားလုံး မိသားစုနဲ့အတူ မခွဲမခွာအဆင်ပြေပျော်ရွှင်စွာ နေသွားနိုင်ကြမယ့် နေ့ရက်တွေကို အမြန်ဆုံးရောက်ရှိပါစေလို့ ဆန္ဒတစ်စုံကိုပြုမိရုံမှတပါး...)
27 comments:
ဟုတ်တယ် ဂျင်းရေ ..
အဲလို အဖြစ်မျိုးတွေ အများကြီးလေ .. အတွေ့အကြုံရှိပေမယ့် အားနည်းချက် တချို့ကြောင့် အလုပ်ရှာဖို့ ခက်ခဲတယ် ...
ကျွန်တော်တို့ ငယ်ငယ်တုန်းကလို တပွဲတိုးလေးလောက် ပြင်ဆင်ခဲ့ရင် နဲနဲတော့ အဆင်ပြေနိုင်တယ်နော် ...
ဒါပေမယ့်လည်း ကံပေါ့နော် ... အားလုံးစွန့်ခဲ့တယ်ဆို၇င်တော့ ဇွဲ ရှိရှိနဲ့ ရှေ့ဆက်ရမှာပေါ့လေ ...
ခင်မင်ခြင်းဖြင့်
ညလင်းအိမ်
ကျွန်တော်တို့မြန်မာတွေဟာ ကိုယ်က တခြားလူမျိုးတွေထက်သာတယ်.. ဥာဏ်ကောင်းတယ်။ ဘာဖြစ်တယ် ညာဖြစ်တယ်နဲ့ ကိုယ့်ကိုယ်ကိုလိမ်နေကြတယ်။ အဲဒီထဲ ကျွန်တော်လည်းပါတယ်။ တကယ့်အဖြစ်မှန်တွေက ဒီလို အဖြစ်အပျက်တွေ... ခွဲခြားဆက်ဆံခံရမှုတွေ အရှက်ကွဲမှုတွေ။ ဒီမလေးရှားမှာကတော့ သေနတ်နဲ့ တေ့ ပါးရိုက်တာကို တစ်ကြိမ်မြင်ဖူးတယ်.. လက်သီးရှိပေမဲ့ ကျွန်တော်မှာလည်း အသက်ရှိသေးတော့ နံရံကိုပဲထိုးမိတယ်..
ဒါတွေအားလုံးကို ကျွန်တော်ကတော့ အမွေဆိုးလို့မြင်တယ်.. ကျွန်တော်တို့ရော အမွေဆိုးတွေကို ညီ၊ ညီမတွေဆီ လက်ဆက်ကမ်းပေးဦးမှာလား။ အဖြေတွေက ရေရေရာရာမဟုတ်ရင် သေချင်တယ်။ နောင်တစ်ချိန် ခေတ်တစ်ခု သမိုင်းစာမျက်နှာပေါ်ရောက်လို့ ကိုယ့်သားက ဒီလိုခေတ်မှာ အဖေဘာလုပ်ခဲ့တာလဲလို့မေးရင် အဖြေတစ်ခုရှိဖို့လိုပါလိမ့်မယ်။ ပြည်ပရောက်နေကြတဲ့ ညီအကိုတွေ အဆင်ပြေပါစေဗျာ...
ကြိုတင်ပြင်ဆင်သင့်ပါတယ် ဆန့်ကျင်ဘက်ကိုတွေ့ဘူးပါတယ် အမြဲအလုပ်ရတယ် မတတ်တော့ ပြန်ပြန်ပြုတ်တယ်
ဒေါ်ဂျင်းရေ
ပို့စ်လေးအတွက်ကျေးဇူးပါ စိတ်မကောင်းဘူး ကိုယ့်ဘက်က အရာရာ အဆင့်သင့်မှဘဲ သွားစေချင်ပါတယ် အဆင့်မသင့်ရင်တော့ ဒီလိုဘဲ ဖြစ်ကြမှဘဲ
ခင်မင်တဲ့
seesein
သူ့လိုလူတွေ ဘယ်နှစ်ယောက်တောင်ရှိမလဲမသိဘူးနော်။ ကိုယ်ချင်းစာပါတယ်။ ဒါပေမဲ့ ကိုယ့်ဒူးတောင် အနိုင်နိုင်ချွန်နေရဆဲပဲ။ အဲလိုအဖြစ်မျိုး ကိုယ်လည်းမကြုံရအောင် ပြင်ဆင်စရာတွေက အများကြီး ရှိသေးတာပဲ..........
ဂျင်းရေ...
ကြားရတာစိတ်မကောင်းစရာတွေပဲနော်..။
ကိုယ့်လူမျိုးတွေဒီလိုဘ၀တွေကြားထဲကလွတ်မြောက်ဖို့
လမ်းကိုရှာကြရမယ်..။ဒါမှလည်းနောင်ခေတ်ကျရင်
ထိပ်တန်းကိုရောက်ပြီးမျက်နှာမငယ်ကြရမှာ...။
အရေးကြီးတာက..အရာအားလုံးကိုမကြောက်မရွံ့ရဲရဲ
ရင်ဆိုင်ကြရမယ်...အကြောက်တရားတွေနဲ့ဖုံးလွှမ်းနေ
မယ်ဆိုရင်.လွတ်မြောက်ဖို့လမ်းဝေးသွားလိမ့်မယ်..
ချစ်တဲ့
သဒ္ဓါ
ညီမ အင်ကြင်း ရေ
ဖတ်လိုက်ရတာ စိတ်မကောင်းလိုက်တာ လူငယ်တွေ အများကြီး သိသင့်တယ် ကိုယ့်ပညာ ဘယ်လောက် တော်တော် အင်္ဂလိပ်စာ မကောင်းဘဲနဲ နိုင်ငံခြားမထွက်သင့် ဘူးဆိုတာဘဲ နောက်ပြီး သူအတွက် နောက်ကွယ်မှာ ရှိမဲ့ အမော တွေလည်း တွေးပြီး စိတ်ညစ်သွားတယ်
ခင်မင်တဲ့
မမရွှေစင်
ဟုတ်ပ ဂျင်ဂျင်းရေ...အင်္ဂလိပ်စကားပြော အားနည်းတဲ့သူတွေ ဒီကိုလာရင် အထူးပြင်ဆင်လာရမှာ စကားပြောပဲ...သူ့နောက်မှာ ရှိမဲ့ မှီခိုသူတွေကိုလည်း တွေးပြီး သနားသွားတယ်။ သူကိုယ်တိုင်လည်း စိတ်ဓါတ် ရိုက်ချိုးခံရသလို နေမှာ..... စိတ်မကောင်းဘူး ဂျင်ဂျင်းရေ....
တူတူပါဘဲအင်ကြင်းရယ် ကိုယ့်လူမျိုးတွေကို အခြားလူမျိုးတွေက နှိမ်တာ၊ ဖိနှိပ်တာတွေကို ကြည့်ရ၊ မြင်ရတာ ဘယ်လိုမှ စိတ်မကောင်းဘူး.. မြန်မာကောင်လေးတစ်ချို့ နယ်စပ် ခြံစည်းရိုးကနေ ခိုးဝင်တော့ သူတို့ရဲတွေ တွေ့သွားပြီး ကိုယ်တွေရှေ့မှာ ရိုက်နှက် ကန်ကြောက်နေတာကြည့်ပြီး ရင်နာလိုက်တာ .. ဒေါသထွက်လိုက်တာ.. ကိုယ်တိုင်က ဘာမှ ၀င်မပြောနိုင်တဲ့ဘ၀..
အကယ်၍များ ကိုယ်တွေက နိုင်ငံတကာမှာ ခေါင်းမော့နိုင်တဲ့ တိုင်းပြည်သာ ဖြစ်ခဲ့ရင် သူတို့တွေ ဒီလို နှိမ်ချ ဆက်ဆံရဲမှာ မဟုတ်ဘူး... ခုတော့
အင်း ဒုက္ခ ပဲနော်...။အဆင်ပြေပါစေလို့ပဲ ဆုတောင်းပေး
ရမှာပဲ..။ဒီကိုလာမယ့်သူတွေကို အစစအရာရာ ပြင်ဆင်
လာဖို့ ခဏခဏပြောရတယ်။
အင်းဒီလိုအဖြစ်မျိုးတွေ ဘယ်နှစ်ယောက်တောင်
ရှိနေမလည်းဆိုတာ မတွေးတတ်လောက်အောင်
ပါဘဲဗျာ လဲနေသူထူပေးပါဆိုပေမဲ့ကိုယ်ကလည်း
ထူနိုင်မှ ကိုယ်ကပါခနော်နီ ခနော်နဲ့ ဆိုရင်တော့
ပြသနာပါဗျာ . . .
သက်ပြင်း ပဲ ချနေမိတယ် အင်ကြင်းရယ်.............
မအင်ကြင်းရေ..
ဖတ်ပြီး.ထပ်တူထပ်မျှ..စိတ်မကောင်းဖြစ်ရပါတယ်။
ရေကြည်ရာမြက်နူရာ။ တစ်ရွာမပြောင်းသူမကောင်းမဖြစ်လို့..ဆိုခဲ့ကြပေမယ့်။
ကိုယ့်ဘက်ကပြည့်စုံမူ့နည်းရင်..
အခက်အခဲဆိုတာအနည်းနဲ့အများကြုံတွေ့
ကြရမှာပါပဲလေ။
ရပ်ဝေးမြေခြားတိုင်းတစ်ပါးမှာ..
သွားရောက်လာရောက်
လုပ်ကိုင်နေကြသူတွေအားးလုံး..
ကိုယ်စိတ်နှစ်ပါးကျန်းမာ
အဆင်ပြေစွာရှိကြပါစေ။
ထပ်တူဆုတောင်းပေးနေမိတယ်။
ခင်မင်စွာဖြင့်
ခိုင်နုငယ်
စာဖတ်ပြီးစိတ်မကောင်းပါဖူးဂျင်းရယ်
သူ့ မှာဘယ်လိုအခက်ခဲရှိမယ်မသိနိုင်ပေမဲ့ ကြိုတင်ပြင်ဆင်ဖို့ တော့လိုမယ်လေနော်
သာယာချမ်းမြေ့ပါစေနော်
မိုး
ဖတ်ပြီး ရင်ထဲမှာ မကောင်းဘူး ဂျင်းရယ်...း(
ဖတ်ရတာ အဲဒီလူအတွက်စိတ်မကောင်းဖြစ်မိတယ် သူမှာရနိုင်တဲ့ အရည်အချင်းမရှိဘူးပေါ့။ အဲဒီလူရဲ့ လိုအပ်ချက် တောင်းတမှုကိုလဲ တွေ့နေရတယ်။ ဟူးးးးးးး အင်ကြင်းရေ...ဟုတ်တယ် ဘာမှလုပ်မပေးနိုင်မှတော့ ဆုပဲတောင်းပေးရတော့မှာပေါ့နော်
ခင်တဲ့(ချိုကျ)
ညီမဂျင်းရေ
စည်းစိမ် အလုပ်တွေရှုပ်နေပါတယ် ဒေါ်ဂျင်းတို့ ရုံးတွေရော ပိတ်တယ်လား ပျော်နေတယ်ပေါ့
ပို့စ်အသစ်လေး လုပ်ပါအုံး
အသစ်တက်ရင်တော့ ဖတ်ဖြစ်ပါတယ်
ကဗျာလေးတွေလည်း ကောင်းတယ် ကြိုက်တယ်
ခင်တဲ့
seesein
ဖတ်ပြီး သက်ပြင်းတွေ အလီလီချနေမိတယ်။ တနယ်တကြေးမှာ လုပ်ကိုင်စားသောက်ကြသူချင်း ကိုယ်ချင်းစာပါတယ်။ ဖတ်ရင်းနဲ့လဲ စိတ်မကောင်းပါဘူး။ အဲဒီလို အငြင်းခံရတဲ့သူတွေ ဘယ်လောက်တောင်များရှိနေလိမ့်မလဲ။ ရင်မောစရာကြီးပါလား။
စိတ်မကောင်းစရာပါပဲဗျာ ... ဒါပေမယ့် ကိုယ့်ဘက်က အားလုံးပြည့်စုံနေရင် အကောင်းဆုံးပေါ့ဗျာ ..
ဘယ်လိုလူမျိုးကိုပဲ ဖြစ်ဖြစ် ဒီလို မျက်စိရှေ့မှာ မြင်လိုက်ရရင် စိတ်မကောင်း ဖြစ်မိမှာ ပါပဲ။ အထူးသဖြင့် ကိုယ့်လူမျိုးတွေ ဖြစ်နေတော့ ပိုခံစားရတာပေါ့။ ကိုယ်ရှေ့မှာ အခက်အခဲ ဖြစ်နေလို့ ကိုယ်ဘာမှ လုပ်မပေးနိုင်တွေကြောင့် စိတ်မကောင်းဖြစ်နေရတာ တွေလည်း မနည်း ပါဘူး။ အဆင်ပြေ ပါတယ်လို့ ကူဆုတောင်း ပေးလိုက်တာလည်း သူကို ကူညီခြင်း တမျိုးပါ။ သူရဲ့ အရည်အချင်းနဲ့ ထိုက်တန်တဲ့ နေရာ တစ်ခုတော့ အချိန် နဲ့ သူ့ ၀ရီယ ကရှာပေးသွား မှာပါ။
နိုင်ငံခြားမှာ တတ်လမ်း ရှာနေကြတဲ့ မြန်မာပြည်သား ညီအစ်ကို မောင်နှမတွေ အားလုံး အဆင်ပြေ ကြပါစေ ...
ပြောင်းလှချည်လား မမရဲ့... :P
ဆိုက်လေးကတော့ လှတယ်..
ဒါပေမယ့် စာလုံးမပေါ်ဘူး...
ပြန်စစ်ကြည့်ပါအုန်း...
အမြဲအားပေးနေသူ
လင်းတိုင်း
ဂျင်းရေ..ဟိုနေ့က ဖတ်လို့မရလို့လေ..။
တော်ပါသေးရဲ့..
ခုဖတ်လို့ရသွားပြီ......
မြန်မာ အချင်းချင်း ရိုင်ပင်းကူညီချင်တဲ့ ဂျင်းရဲ့စိတ်ကို လေးစားတယ်ဂျင်းရေ..
လူတွေကို အဲလိုစိတ်လေးတွေ ရှိကြရင် ကောင်းမှာပဲ ဂျင်းရယ်..
တော်တော်များများရှိကြပါတယ်..
ဒါပေမယ့် တစ်ချို့တစ်ချို့သော
နိုင်ငံခြားရောက်မြန်မာပြန်တွေ တစ်ချို့တစ်လေတွေက နေတာကြာသွားတဲ့လူတွေပေါ့..။
မကူညီတဲ့ အပြင် ချောက်တွင်းတာတောင် ရှိတယ် ဂျင်းရေ..။
အင်းးးးဘာမှ ဆက်ပြောတော့ပါဘူး..။
ချစ်တဲ့
မွန်
ဂျင်း မုန်းမေလုပ်လို့ပြီးသွားပြီလား
မမရွှေစင်ဘလော့မှာလေ လက်ဆော့လိုက်တာမုန်းမေရာ
အခုတော့ လက်ဆော့လိုက်တာ အင်ဂျင်းရာပေါ့
ခင်မင်စွာဖြင့်
seesein
အော်.. စာရွက်စတိုင်နဲ့ ပြောင်းလိုက်တာကိုး...း)
အင်း... ဒီစတိုင်လည်း မဆိုးပါဘူး၊ လှပါတယ်...
ပို့စ်များကို ထပ်ဖတ်သွားပါတယ်...
လင်းတိုင်း
ဂျင်းရေ..
အိမ်ပြောင်းသွားတာသိတောင်မသိသေးဘူး..
ဒါနဲ့.ဘာကျွေးမလဲ...
ချစ်တဲ့
သဒ္ဓါ
စိတ်မကောင်းဘူးညီမလေးရေ..
သူ့များနိုင်ငံမှာအောက်ကျခံပြီးအလုပ်လုပ်ရသူချင်း
မို့ကိုယ်ချင်းစာနားလည်ခံစားမိပါတယ်။
အလုပ်အမြန်ဆုံးရပြီးမိသားစုအဆင်ပြေပါစေဆုတောင်း
ပေးလိုက်ပါတယ်။
အင်း...ဖတ်ရတာ စိတ်မကောင်းလိုက်တာ အင်ကြင်းရယ်..။ဟုတ်တယ်နော် ။ ကိုယ်ရှေ့မှာ ဒုက္ခရောက်နေတဲ့ လူတယောက်ကို (အထူးသဖြင့်) မြန်မာတယောက်ကို ကိုယ်ဘာမှ ကူညီ မပေးနိုင်တာတော့ အင်ကြင်းလဲ စိတ်ထိခိုက်မှာပဲနော်..။
Post a Comment